Saturday, November 14, 2009

အိန္ဒိယက ဂျရပူတစ်နေရာပါ




ကိုးကွယ်မှုအတွက် နားလည်လက်ခံခြင်း

ကိုးကွယ်မှုဆိုတာ ယုံကြည်မှုရဲ့ နောက်ဆက်တွဲ ပဲ့တင်သံတွေပါ။ ဒီကမ္ဘာလောကကြီးမှာ လူသားတွေဟာ သန်ရာ သန်ရာ ကိုးကွယ်ကြ ယုံကြည်ကြရင်း အသက်တွေကို စတေးကြ ပေးဆပ်ကြ အသိုက်အမြုံတွေ ထူထောင်ကြ အသင်းအပင်းတွေ ဖွဲ့စည်းကြနဲ့ မရပ်မနား ခရီးဆက်လို့နေကြပါတယ်။ အဖြစ်အပျက်တွေနဲ့ ယုံကြည် ကိုးကွယ်မှုတွေဟာ ရှေ့နောက် စဉ်ဆက်မပြတ် ရွေ့လျားနေတဲ့ အချိန် စက်ဝန်းလို ခွဲခြားမရ ဖြစ်နေတာကို လူသားတွေ မြင်တွေ့နေကြရတယ်လေ။ ကျွန်တော်တို့အားလုံး ပတ်ဝန်းကျင်နဲ့ လောကပါလ တရားတွေကို လေးစားကြရင်း ကိုးကွယ်မှုတွေအတွက် နားလည်မှုတွေ အခြေအနေများအတွက် လက်ခံမှုတွေ မျိုးစေ့ချ လိုက်ကြ ရအောင်လား…………….

ခံစားချက်နဲ့ မျှော်လင့်ချက်အလင်းရောင်စွမ်းအား

လူတိုင်း လူတိုင်းမှာ ခံစားချက်တွေ မျှော်လင့်ချက်တွေနဲ့ ဘ၀ကို တစ်ရွေ့ရွေ့ ခရီးဆက်နေကြတာ ဖြစ်ပါတယ်။ ဒီလို လျှောက်လှမ်းကြရာမှာ အခက်အခဲတွေ သံသယတွေ နားလည်မှု လွဲမှားမှုတွေကြောင့် မျှော်လင့်ချက် တက်ကျိုး ခံစားချက် ရွက်တွေလည်း စုတ်ပြတ်ပြဲကွဲ တတ်ကုန် တတ်ကြပါတယ်။ ဒါတွေကို ဖြေရှင်းရင်းနဲက ဘ၀ရေ တိမ်နစ်မှုတွေ ဘယ်လိုမှ မထင်မှတ်ထားတဲ့ အခြေအနေ အဖြစ်အပျက် တွေနဲ့လည်း ကြုံကြိုက်တတ်ကြရပြန် တယ်။ ဒါကြောင့် ဒီခံစားချက်နဲ့ မျှော်လင့်ချက် အလင်းရောင်စွမ်းအားတွေကို အားမာန်အပြည့်နဲ့ ခရီး နှင်ဆက် ရှေ့တက်လှမ်းနိုင်အောင် ကြိုးစား ဆောင်ရွက်ကြပါစို့လားဗျာ……

Sunday, November 8, 2009

မမှိတ်မသုဉ်ကြည့်နေမယ်

နီးခြင်း ဝေးခြင်း ရှုံးခြင်း မြတ်ခြင်း အကွာအဝေး အတိုင်းအတာ အခြေအနေ အကျိုးအကြောင်း အဆိုး အကောင်းတွေအားလုံးဟာ တကယ်တော့ နားလည်ခြင်းရယ် မြတ်နိုးခြင်းရယ် လိုက်လျောခြင်းရယ် အပြစ် မမြင်ခြင်းရယ် ဖြည့်တွေးပေးခြင်းရယ် သံယောဇဉ်ကို ကြည့်မြင် ခံစားပေးခြင်းရယ် ချိုမြိန်စွာ လက်ခံခြင်းရယ် ဆိုတာတွေနဲ့ နှိုင်းယှဉ်လိုက်ရင် မြင့်မိုရ်တောင်နဲ့ ဆီးစေ့ ကွာခြားသလိုမျိုး ဖြစ်သွားပါတယ်။ ကျွန်တော်တော့ အားလုံးကို နားလည်လက်ခံလိုက်တဲ့ ခဏတဖြုတ်အချိန်တွေကို စုစည်းဘို့ ဟိုစဉ်က မိုက်မိုက်မဲမဲ အားထုတ် ကြိုးပမ်းခဲ့ဖူးတယ်။ အခုတော့လည်း စဉ်ဆက်မပြတ်ဖြစ်ပျက်နေတတ်တဲ့ မာန်မာနတွေနဲ့ အတ္တကြီးစိုးမှု စိတ် ခန္ဓာကိုယ်ကို မက်မောစွာနဲ့ အလိုလိုက်ခြင်းတွေ ကျွန်တော်မလုပ်တော့ပါဘူး။ သတိရယ် ခံစားချက်ရယ်ကို အချိုးကျကျပေါင်းစပ်လို့ ယမကာနဲ့ ရှန်ပိန် အစပ်အဟပ်တည့်အောင် ရောမွှေဖို့ အရသာတွေကို မြည်းစမ်း ကြည့်ဘို့ ချွန်းကောင်းကောင်း တစ်လက်ကို ကျွန်တော် ပိုင်ဆိုင်ခဲ့ပြီလေ။ ကဲ အားလုံး လွတ်လပ်ကြစေတော့ သာယာကြစေတော့ ကြည်နူးကြစေတော့ လောကတစ်ခွင်လုံး သူ့အလိုကျ ဖြစ်ကြစေတော့ ကျွန်တော် ပျော်ပျော်ပြုံးပြုံးကြီး မမှိတ်မသုဉ် ကြည့်နေတော့မယ်…………