ခရီးတစ်ခုရဲ့ အဓိက အခြေခံအကြောင်းတရားများမှာ သူ့ကို မေ့ထားတတ်ကြတယ်။ ဘေးဖယ်ထားတယ် ဆိုရင်လည်း ရပါတယ်။ သွားလိုတဲ့ခရီးအတွက် ပြင်ဆင်ကြ စီစဉ်ကြနဲ့ စားရေးသောက်ရေး သွားရေးလာရေးအတွက် အလုပ် ရှုပ်တတ်ကြတာများပါတယ်။ ဒါက ခရီးတစ်ခုမသွားခင် လုပ်တတ်ကြတဲ့ အခြေ အနေတွေပါ။ တကယ်တမ်း ဒီခရီးကို သွားကြပြန်တော့လည်း တွေ့ကြဆုံကြ ပျော်ရွင်ကြည်နူးဖွယ် ဖြစ်ရပ်တွေ ညစ်ညူး ခံပြင်းတဲ့ အခြေအနေတွေ ပေါ်မှာ ပျော်လိုက်ကြ စိတ်ဆင်းရဲလိုက်ကြနဲ့ သူ့ကို ဂရုမပြုမိဖြစ် တတ်ကြပြန်ပါတယ်။
လမ်းခရီမှာ အဆင်မပြေမှုတွေ လမ်းခရီးမှာ ကြုံတွေ့ကြရတဲ့ ခံစားချက်တွေ လမ်းခရီးကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးအပြစ်တွေကိုလည်း ဘယ်လို လူမျိုးမဆို ခံယူကြရတာ ဓမ္မတာပါ။ ဒါကြောင့် လူတွေဟာ ခရီးတစ်ခုကို သွားတော့ မယ်ဆိုရင် ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်းစသဖြင့် လမ်းကြောင်းများကို အောက်ဖော်ပြပါ အချက်အလက်တွေ နဲ့ တိုင်းတာ ရွေးခြယ်တတ်ကြ ပါတယ်-
(က) လမ်းကြောင်းရွေးခြယ်ခြင်းအတွက် ကုန်ကျစရိတ်။ ( ဥပမာ၊ လေယာဉ်ခ၊ မီးရထားခ၊ ကားခ၊ သင်္ဘောခ)
(ခ) ခရီးဆုံးရောက်ရှိရေးအတွက် အချိန်အတိုင်းအတာ။ ( အနှေးအမြန်ကို ထည့်သွင်း တွက်ချက် သည်။)
(ဂ) ရွေးခြယ်သည့် လမ်းကြောင်းအတွက် အန္တရာယ်ကင်းရှင်းမှု။ (သဘာဝဘေးအန္တရာယ်၊ သက်ရှိ အန္တရာယ်၊ အခြား မမျှော်မှန်းနိုင် သောအန္တရာယ်များ)
(ဃ) လမ်းကြောင်းရွေးခြယ်ခြင်းအတွက် ပျော်ရွှင်မှု၊ အခြားရရှိနိုင်သော အတွေ့အကြုံဗဟု သုတများ။
(င) မဖြစ်မနေ တိုက်တွန်းမှုများ၊ ဖိအားပေးမှုများကြောင့် ရွေးခြယ်ရခြင်း။
ဒါတွေကတော့ သာမန်ခရီးသွားသူတွေအတွက် ထည့်သွင်းစဉ်းစားတတ်ကြတဲ့ လမ်းခရီးအတွက် အခြေခံ သဘော တရားတွေ ဖြစ်ပါတယ်။ တစ်နည်းဆိုပါက ခရီးတိုတစ်ခုအတွက် ယေဘူယျ သတ်မှတ် ချက်တွေလည်း ဖြစ်ပါတယ်။ လူ့ဘ၀ဆိုတာ ခရီးတစ်ခုကို သွားနေသလိုပဲလို့ ကျွန်တော်ကတော့ မှတ်ယူမိပါတယ်။ အလွန်မှ ရှည်လျားလှတဲ့ ဘ၀လမ်း ခရီးဟာ ခရီးတိုတစ်ခုမှာ ဖြစ်ပေါ်လေ့ တွေ့ကြုံရလေ့ရှိတဲ့ အခြေခံ ယေဘူယျ အချက်အလက်တွေလို တွေ့ဆုံ ခံစားကြရတာ များပါတယ်။ ခရီးတိုလမ်းကိုဖြစ်ဖြစ် ခရီးရှည် ဘ၀လမ်းကိုဖြစ်ဖြစ် ဖြတ်သန်းကျော်လွှားကြရာမှာ အဓိက ပဲ့ကိုင်ရှင်ဟာ အချိန်ဆိုတဲ့ အကောင်အထည် ရုပ်လုံးပြမရတဲ့ အရာကြီးက စိုးမိုးခြယ်လှယ်နေတယ်ဆိုတာကို တွေ့ကြ သိကြရမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ လူ့ဘ၀မှာ လူရယ်လို့ ဖြစ်လာရင် ခရီးမသွားဖူးတဲ့လူ မရှိသလောက်ပါ။ ဒါက လေကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်းလမ်းတွေအတွက် လူတိုင်းလူတိုင်း ခံစားရတဲ့ အသိတွေ ကြုံတွေ့ရတဲ့ အခြေအနေ တွေအပေါ် သာမန် ဖြတ်ကျော် ခဲ့ကြတာ များပါတယ်။ ဒီလို သာမန်လမ်းတွေကို ကျော်ဖြတ်ရင်း ခရီးစဉ်တွေ တစ်ခုပြီးတစ်ခု နိဂုံးချုပ် ခဲ့ကြရပါတယ်။ နောက်လမ်းခရီး တစ်ခုအကြောင်းကို ပြောပြချင်ပါ သေးတယ်။ အခုပြောမယ့် လမ်းကတော့ လူတစ်ဦး တစ်ယောက်အတွက် အလွန်ကိုမှ အရေးကြီးတဲ့ ဘ၀လမ်းဆိုတဲ့ အကြောင်းပါ။ ဘ၀လမ်းခရီးမှာ ယေဘူယျအားဖြင့် မှတ်တိုင်သုံးခုရှိပါတယ်။ အဲဒီမှတ်တိုင် တွေကတော့ ငယ်ရွယ်စဉ် ကလေးဘ၀ကို ဖြတ်သန်းတဲ့ ပထမအရွယ်မှတ်တိုင်၊ ပညာရှာမယ် မိဘတွေကို နွဲ့ဆိုးဆိုးမယ်၊ နောက်ကစားမယ်၊ စားမယ် ပျော်မယ်ပါးမယ်။ ဒီပထမအရွယ်မှတ်တိုင်မှာ လျောက်လှမ်းရ တဲ့ခရီးလမ်းက များသောအားဖြင့် ရိုးသားမှုတွေ ဖြူစင်မှုတွေ နုနယ်မှုတွေနဲ့ ထုံမွှန်းပြည့်လျှံ လို့နေပါ တယ်။ ဒီပထမအရွယ်လမ်း ခရီးမှာ ခြေခေါက် ခလုတ်တိုက်လို့ မှောက်ရက်လဲ ကြွေလွင့်သွားတဲ့ လူတွေလည်း ဒုနဲ့ဒေးပါ။ တွက်ချက်မှုတွေ အရှုံးအမြတ်တွေ ခံစားချက်တွေ မရင့်ကျက်ခင်မှာ ပဲ့ပြင်မှုတွေ ထိန်းကျောင်းမှုတွေနဲ့ လက်ပွန်း တတီးနေထိုင် ကြီးပြင်းရင်း ပထမအရွယ် ဘ၀လမ်းခရီးကို ကျွန်တော်တို့တွေ ဖြတ်သန်းကြ ရတာ များပါ တယ်။
စီးပွားရှာချိန်၊ လူမှုနယ်ပယ်ကို ထဲထဲဝင်ဝင် ကျင်လည်ချိန်၊ ကြင်ယာရှာချိန်လို့ သတ်မှတ်ထားတဲ့ ဒုတိယအရွယ် လမ်းခရီး ကတော့ အတက်အကျ အနိမ့်အမြင့်တွေ ခံစားချက်လှိုင်းလုံးတွေအောက် မြုပ်ချည် တစ်ခါ ပေါ်ချည်တစ်လှည့်ရယ်နဲ့ မွန်းကြပ်ခြင်း ပျော်ရွှင်ခြင်း ကြည်နူးခြင်း ကြေကွဲခြင်း ပီတိအဟုန်တွေအောက် လိုက်ပါစီးဝင်တဲ့ ခရီးလမ်းကို ဖြတ်သန်းချိန်ပဲဖြစ်ပါတယ်။ ဒီခရီးလမ်းဟာ အလျော်အစားများတယ်။ ဒီခရီးလမ်းအတွက် ပေးဆပ်မှုတွေက သံယောဇဉ် တရား၊ မေတ္တာတရားနဲ့ အနာဂတ်ကရုဏာ ဖန်ဆင်ရှင်တွေလည်း မွေးထုတ်ပေးရာ ခရီးလမ်းတစ်သွယ် ဖြစ်စေတာပါပဲ။ ကျွန်တော်တို့ လူသားတွေအတွက် အနာဂတ်ကမ္ဗည်း မှတ်တိုင်တွေအတွက် နိဒါန်းပျိုးခြင်းလည်းဖြစ်ပါတယ်။ ဒုတိယ ခရီးလမ်းရဲ့ ဆုံးရှုံးမှုတွေ အောင်မြင်မှုတွေဟာ လူ့ဘ၀ခရီးလမ်းအတွက် မြင့်မားတဲ့ အခြေအနေတွေကို တော်တော် များများ ဖန်တီးပေးနိုင်တတ်ကြပါတယ်။
မောပမ်းချိန်၊ မာန်တွေချချိန်၊ အိုမင်းခြင်းရဲ့ ဖိစီးမှုအောက် လက်မြှောက်ရချိန်၊ သံဝေဂတွေအတွက် စကားလုံး လှလှ တွေကို တရားအဖြစ်ဖန်တီးရချိန်၊ တရားဖက်တော့ အမှားအတွက် ပြင်ဆင်ချိန်လို့ သတ်မှတ်ရတဲ့ အရွယ်မှာတော့ တတိယအရွယ်ခရီးလမ်းကို ရဲရဲဝံ့ဝံ့ ဖြတ်သန်းကြရတော့ပါတယ်။ ဒီတတိယခရီး လမ်းမှာဖြင့် စွန့်လွှတ်ခြင်းတွေ၊ ပေးဆပ်ခြင်းတွေ၊ အနစ်နာခံမှုတွေ၊ အလျော့ပေးမှုတွေ၊ လိုက်လျောမှုတွေ အတွက် သတိဆိုတဲ့ အရွယ်သုံးပါးရဲ့ နှိပ်စက်မှုဒုက္ခအခြေအနေတွေအတွက် နားလည်မှုအပြည့်နဲ့ ဘ၀ကူးပြောင်း ရတော့မယ့် နေ့ရက်ကို လက်ချိုး ရေတွက်ရင်း သေမင်းနဲ့ ရင်ဆိုင်ဖို့ အသင့်ပြင်ကြရတဲ့ ခရီးလမ်း လည်းဖြစ်ပါတယ်။ ဒါကြောင့် ဒီလမ်းဒီခရီးကို ရဲရင့်စွာ ဖြတ်သန်းကျော်လွှားကြတဲ့ ဘ၀သွေးနီရဲရဲ မှတ်ကျောက်တင် ခရီးလမ်းဆုံး လို့လည်း ဆိုကြရမှာ ဖြစ်ပါတယ်။
ဒါကြောင့် ကျွန်တော်တို့အနေနဲ့ တွက်ချက်မှုတွေ ညီမျှခြင်းချမရမှုတွေ မတူညီမှုတွေ မျှော်လင့်ခြင်းတွေ အတွက် လျှောက်လှမ်း ဖြတ်သန်းကြရတဲ့ လမ်းခရီးအမျိုးမျိုးမှာ ဆူကြုံနိမ့်မြင့် လောကဓံအဖြစ်အပျက်တွေ အတွက် ပြင်ဆင်ကြ လက်တွေ့ အကောင် အထည်ဖော်ကြ အဖန်ဖန် အထပ်ထပ်ပွားများ ဆင်ခြင်ကြရင်း ဘ၀လမ်းခရီးအတွက် လမ်းကြောင်းကောင်းများ ခင်းရင်း ဒီလမ်းကောင်း ပေါ် နင်းလို့ သွားနိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက် ရပါတယ်။