Tuesday, November 24, 2009
Saturday, November 14, 2009
ကိုးကွယ်မှုအတွက် နားလည်လက်ခံခြင်း
ကိုးကွယ်မှုဆိုတာ ယုံကြည်မှုရဲ့ နောက်ဆက်တွဲ ပဲ့တင်သံတွေပါ။ ဒီကမ္ဘာလောကကြီးမှာ လူသားတွေဟာ သန်ရာ သန်ရာ ကိုးကွယ်ကြ ယုံကြည်ကြရင်း အသက်တွေကို စတေးကြ ပေးဆပ်ကြ အသိုက်အမြုံတွေ ထူထောင်ကြ အသင်းအပင်းတွေ ဖွဲ့စည်းကြနဲ့ မရပ်မနား ခရီးဆက်လို့နေကြပါတယ်။ အဖြစ်အပျက်တွေနဲ့ ယုံကြည် ကိုးကွယ်မှုတွေဟာ ရှေ့နောက် စဉ်ဆက်မပြတ် ရွေ့လျားနေတဲ့ အချိန် စက်ဝန်းလို ခွဲခြားမရ ဖြစ်နေတာကို လူသားတွေ မြင်တွေ့နေကြရတယ်လေ။ ကျွန်တော်တို့အားလုံး ပတ်ဝန်းကျင်နဲ့ လောကပါလ တရားတွေကို လေးစားကြရင်း ကိုးကွယ်မှုတွေအတွက် နားလည်မှုတွေ အခြေအနေများအတွက် လက်ခံမှုတွေ မျိုးစေ့ချ လိုက်ကြ ရအောင်လား…………….
ခံစားချက်နဲ့ မျှော်လင့်ချက်အလင်းရောင်စွမ်းအား
လူတိုင်း လူတိုင်းမှာ ခံစားချက်တွေ မျှော်လင့်ချက်တွေနဲ့ ဘ၀ကို တစ်ရွေ့ရွေ့ ခရီးဆက်နေကြတာ ဖြစ်ပါတယ်။ ဒီလို လျှောက်လှမ်းကြရာမှာ အခက်အခဲတွေ သံသယတွေ နားလည်မှု လွဲမှားမှုတွေကြောင့် မျှော်လင့်ချက် တက်ကျိုး ခံစားချက် ရွက်တွေလည်း စုတ်ပြတ်ပြဲကွဲ တတ်ကုန် တတ်ကြပါတယ်။ ဒါတွေကို ဖြေရှင်းရင်းနဲက ဘ၀ရေ တိမ်နစ်မှုတွေ ဘယ်လိုမှ မထင်မှတ်ထားတဲ့ အခြေအနေ အဖြစ်အပျက် တွေနဲ့လည်း ကြုံကြိုက်တတ်ကြရပြန် တယ်။ ဒါကြောင့် ဒီခံစားချက်နဲ့ မျှော်လင့်ချက် အလင်းရောင်စွမ်းအားတွေကို အားမာန်အပြည့်နဲ့ ခရီး နှင်ဆက် ရှေ့တက်လှမ်းနိုင်အောင် ကြိုးစား ဆောင်ရွက်ကြပါစို့လားဗျာ……
Sunday, November 8, 2009
မမှိတ်မသုဉ်ကြည့်နေမယ်
နီးခြင်း ဝေးခြင်း ရှုံးခြင်း မြတ်ခြင်း အကွာအဝေး အတိုင်းအတာ အခြေအနေ အကျိုးအကြောင်း အဆိုး အကောင်းတွေအားလုံးဟာ တကယ်တော့ နားလည်ခြင်းရယ် မြတ်နိုးခြင်းရယ် လိုက်လျောခြင်းရယ် အပြစ် မမြင်ခြင်းရယ် ဖြည့်တွေးပေးခြင်းရယ် သံယောဇဉ်ကို ကြည့်မြင် ခံစားပေးခြင်းရယ် ချိုမြိန်စွာ လက်ခံခြင်းရယ် ဆိုတာတွေနဲ့ နှိုင်းယှဉ်လိုက်ရင် မြင့်မိုရ်တောင်နဲ့ ဆီးစေ့ ကွာခြားသလိုမျိုး ဖြစ်သွားပါတယ်။ ကျွန်တော်တော့ အားလုံးကို နားလည်လက်ခံလိုက်တဲ့ ခဏတဖြုတ်အချိန်တွေကို စုစည်းဘို့ ဟိုစဉ်က မိုက်မိုက်မဲမဲ အားထုတ် ကြိုးပမ်းခဲ့ဖူးတယ်။ အခုတော့လည်း စဉ်ဆက်မပြတ်ဖြစ်ပျက်နေတတ်တဲ့ မာန်မာနတွေနဲ့ အတ္တကြီးစိုးမှု စိတ် ခန္ဓာကိုယ်ကို မက်မောစွာနဲ့ အလိုလိုက်ခြင်းတွေ ကျွန်တော်မလုပ်တော့ပါဘူး။ သတိရယ် ခံစားချက်ရယ်ကို အချိုးကျကျပေါင်းစပ်လို့ ယမကာနဲ့ ရှန်ပိန် အစပ်အဟပ်တည့်အောင် ရောမွှေဖို့ အရသာတွေကို မြည်းစမ်း ကြည့်ဘို့ ချွန်းကောင်းကောင်း တစ်လက်ကို ကျွန်တော် ပိုင်ဆိုင်ခဲ့ပြီလေ။ ကဲ အားလုံး လွတ်လပ်ကြစေတော့ သာယာကြစေတော့ ကြည်နူးကြစေတော့ လောကတစ်ခွင်လုံး သူ့အလိုကျ ဖြစ်ကြစေတော့ ကျွန်တော် ပျော်ပျော်ပြုံးပြုံးကြီး မမှိတ်မသုဉ် ကြည့်နေတော့မယ်…………
Saturday, October 31, 2009
Tuesday, October 27, 2009
စိတ်ရဲ့ပြူတင်းပေါက်ကလှမ်းမျှော်ကြည့်ကြပါစို့
တစ်နေ့တစ်လံ ပုဂံ ဘယ်ပြေး မလဲ ဆိုတဲ့ စကားစု တစ်ခုကို ကြားသိ မှတ်သားဖူး ပါတယ်။ တကယ်တော့ ဒီအသုံး အနှုန်း ဟာ ရုပ်ပိုင်း ဆိုင်ရာ မြင်သာ ထင်သာတဲ့ ကိစ္စတွေ အတွက် စံနှုန်း သတ်မှတ်ထားတာ ဖြစ်ပါတယ်။ စိတ်ပိုင်း ဆိုင်ရာ အတွေး အခေါ်တွေမှာတော့ ရုပ်ပိုင်း ဆိုင်ရာ ရလဒ်တွေ အတွက် မွေးမြူရတာတွေ၊ ယုံကြည် သက်ဝင် ရတာတွေ၊ စောင့်ထိန်းရတာတွေ၊ အားထုတ် ကြိုးပမ်းဖို့ အားတင်း အရှိန်ယူတာတွေနဲ့ ပတ်ဝန်းကျင် အခြေအနေကို စိတ်ရဲ့ပြူတင်းပေါက်ကနေ ခေါင်းပြူ ကြည့်ရတာတွေ လုပ်ကြရပါတယ်။ ကျွန်တော်တို့လည်း စိတ်ရဲ့ပြူတင်းပေါက်ကို မျှော်လို့ကြည့်ကြစို့…….
Sunday, October 25, 2009
အေးမြငြိမ်းချမ်းရာနေရာသို့
ပျော်ရွှင်ငြိမ်းချမ်း စိမ်းလန်းတဲ့ ပတ်ဝန်းကျင်ကို မျှော်လင်မိတယ် တောင်းတမိတယ် ။ ရာသီဥတုရယ် ပတ်ဝန်းကျင် ဆိတ်ငြိမ်မှုတွရယ် သောကမရှိမှုရယ် ကင်းစင်နေသော ဒုက္ခရပ်ဝန်းတွေ အပြင်ဘက်ရယ်တွေကို တမ်းတမက်မော ကြတာကတော့ လူအများစုပါ။ တကယ်တော့ ဒီခံစားချက်တွေကို အကွက်ကျကျ အစီအစဉ်တကျ အကောင်အထည်ဖော်ဖို့တော့ စဉ်းစားစီစဉ်တဲ့သူက နဲနေတတ်တာတော့ သဘာဝ လို့တောင် ပြောလို့ရပါတယ်။ ဒါကြောင့်လဲ သောကတွေ ဒေါသတွေ မောဟတွေရဲ့ ၀ဲဂယက်ကို အားအင်ကုန်ခမ်းအောင် ကူးခတ် ရုန်းကန်နေကြရတာ ဖြစ်မယ်လို့ စဉ်းစားမိတာက အမှားတစ်ရပ်ဖြစ်ခဲ့ရင်.............
Saturday, October 24, 2009
ခံစားချက်နဲ့ ရပ်တည်မှု
အသက်တွေကြီးလာတာနဲ့အမျှ တရားတွေ စုစောင်း တယ် ဂုဏ်နဲ့ ကြေနပ်ချင် တတ်ကြတယ်။ ပတ်ဝန်းကျင် ကို ပိုဂရုထားတတ် လာကြတယ်။ ပိုင်ဆိုင်ချင်တာတွေကို ပေးဆပ်တယ်ဆိုတဲ့ အသုံးအနှုန်း တွေနဲ့ ကုစားတတ်ကြ တယ်။ စတေးမှန်း မသိ စတေးလိုက်ရတဲ့ ခံစားချက်တွေ ကို ဖြစ်သင့်လို့ ဖြစ်တာပါလို့ မှတ်ချက်ချတတ်ကြတယ်။ မှောင်တာနဲ့ မိုက်မဲတာကို အတူလို့ ခံယူဖို့ ၀န်လေးနေ တတ်ကြတယ်။ လောကနိယာမတွေကို အသစ်အဆန်း အသုံးအနှုန်းတွေနဲ့ တန်ဆာဆင်တတ်လာ ကြတယ်။ ဘာဖြစ်ဖြစ် မေတ္တာနဲ့ တိုင်းတာလိုက်တာပါ ရိုးသားမှုဟာ ဘ၀ရဲ့ အရှင်သခင်ပါလို့ တိုင်တည်မှုတွေ ပြုတတ် လာကြတယ်။ ဘယ်လိုအခြေအနေတွေကို ရောက်ရှိနေပါစေ ခံစားချက်၊ ခံယူချက်နဲ့ မျှော်လင့်ချက်တွေ ထပ်တူကျ နေဖို့ကတော့ အရေးကြီးဆုံးလို့ မှတ်ယူကြတာပါပဲ။
Friday, October 23, 2009
ဘုရားသခင်အတွက် ဘုရားစင်
ဘုရားစင်ဆိုတာ ဘုရားသခင်ကို ရည်မျှော်မှန်းပြီး ကိုးကွယ်ရာ ရုပ်ဝတ္ထု အဆောက်အဦပါ။ ဒါကြောင့် ဘုရားစင် ကို ကြည်ညိုဖွယ် လေးစားဖွယ် အလေးထားဖွယ်ဖြစ်အောင် ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ကျွန်တော်သာဆိုရင် ဒီလို ဘုရားစင် မျိုးလေးနဲ့ ကြည်ညို ကိုးကွယ်မယ်လို့ စိတ်ကူးထားပါတယ်။ ဒါကြောင့် ကျွန်တော့် ဘလော့ဂ် ကို လာရောက်လည်ပတ်ကြတယ် မိတ်ဆွေ အပေါင်းအသင်းများကိုလည်း ဘုရားသခင်ကို ရည်မှန်းပြီး ဘုရားစင်ကို ကြည်ညို သဒ္ဓါတရား ပွားများအောင် စီစဉ်ဖန်တီးကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။
Monday, October 12, 2009
နောက်လှည့် မရတဲ့လမ်း
ကျွန်တော့်ရဲ့ ဘလော့ဂ်လေးကို မလုပ်ဖြစ်ခဲ့တာ တော်တော်ကြာခဲ့ပါပြီ။ အလုပ်တွေ များနေ တာရယ်....နောက် ဟိုတစ်စ ဒီတစ်စ စုစည်းလို့ မရတဲ့ အတွေးမျှင်တန်းတွေရယ်ကြောင့် အရှိန်တန့် နှေးကွေးခဲ့ရတာလည်း ဖြစ်ပါတယ်။ ရင်ထဲမှာရှိတဲ့ အဖြစ်သနစ်တွေရယ် အပိုင်းအစအဖြစ် ကြေမွ အက်ကွဲခဲ့ရတဲ့ ခံစားချက် အတိတ်ပုံရိပ်တွေရယ်ကိုတော့ သေသပ် ကျန လှပစွာ တင်ပြလိုတာလည်း ကျွန်တော့်ရဲ့ ထိပ်ဆုံးက အဓိက ဆန္ဒ တစ်ခုပါ။ အောင်မြင်ခြင်းနဲ့ ဆုံးရှုံးခြင်းကြားက အချိန်တွေမှာ မှိန်းမော ယစ်မူးနေစေတဲ့ ပတ်ဝန်းကျင် အနံ့အသက်တွေကို ကျွန်တော် မြတ်မြတ်နိုးနိုး တွယ်တာ ခဲ့ဖူးတယ်။ အတင်း ဆုပ်ကိုက် ဖက်တွယ်ဖို့လည်း ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်ရလိုက်တဲ့ လက်ဆုပ် လက်ကိုင်ပြစရာတွေကတော့ ရွံရှာဖြင်း စက်ဆုပ် ခြင်းနဲ့ ခါးသီးတဲ့ အကြည့်ရိုင်းရိုင်း တွေရယ်သာ ဖြစ်ပါ တယ်။ ဘယ်လို ဘယ်ပုံ ဖြစ်ခဲ့ တွေ့ခဲ့ ခံစားခဲ့ ကျော်လွှားခဲ့ ပါစေ ကျွန်တော့် အတွက် တစ်ဖက်သားအတွက် အားလုံးအတွက် ဆိုတာတွေနဲ့ ဝေးကွာလှတဲ့ ကျဉ်းမြောင်းကျပ်တည်း သော အမြင်တွေရှိရာကို ကျွန်တော် တစ်ရွေ့ရွေ့နဲ့ ရင်နင့်စွာ ချဉ်းကပ် တိုးဝင်သွားပါ တော့မယ်။ အားလုံးကို နားလည်ပါရစေ........ အားလုံးကို စာနာတတ်ပါရစေ....... အားလုံးကို အမြင်ရှင်းပါရစေ............
Saturday, May 9, 2009
အမုန်းတရားအောက်က နှလုံးသား
ဒီလိုနဲ့ပဲ ကုန်လွန်သွားတဲ့အချိန်တွေကို ကျော်လွန်ဖြတ်သန်းရင်း ရင်ထဲက စကားတွေကို မမေ့မလျော့ ကိန်းဝပ်ခံစားခဲ့ရတယ်။ အတွေးထူထူတွေကြားမှာ အေးအေးလူလူနေချင်တယ်လို့ ကိုယ့်ကိုယ်ကို ထင်မှတ် မှားခဲ့တာလည်း ပတ်ဝန်းကျင်ကြောင့် စတေးခဲ့တဲ့ သူ့အချစ်ကို မက်မက်မောမော တွယ်မက်မှားခဲ့တဲ့ ကိုယ့်အဖြစ်ကို ရင်နင့်နင့်နဲပဲ အပြစ်တင်မိလေခဲ့ ပြန်တယ်။ ဒီအကြောင်းတွေက မတွေးဘဲလည်း ခေါင်းထဲကို နေ့စဉ်နဲ့အမျှ ၀င်လာလာနေတော့ အခြေခံအကြောင်း တရားကတော့ဖြင့် သူ့အချစ်နဲ့ ကိုယ့်မေတ္တာ ထာဝရ ပေါင်းဆုံရာနေရာ တစ်ခုကို မှတ်မှတ်သားသား မျှော်လင့်မိတဲ့ မသိစိတ်ကြောင့်သာလို့ တစ်ကိုယ်တည်း ပြန်လည် အားပေးနှစ်သိမ့်မိပြန်တယ်။ သြော်ကံကြမ္မာအလှည့်အပြောင်း မကောင်းလို့ဘဲလို့ ပုံချခဲ့တဲ့ ကိုယ့်အတွေး ကိုယ့်အမြင် ထာဝစဉ်အမှန်တရားဘက်က ရပ်တည်လို့ အချစ်နဲ့ အပြစ် သူသာ ကိုယ်သာ အားပြိုင်ကြရင်း ခုတော့ဖြင့် ကျွန်တော့်နှလုံးသား အမုန်းတရားတွေအောက်မှာ ပြားပြားမှောက်ခ၀ပ်ညောင်းလျက် ပေါ့...........
Monday, April 27, 2009
Wednesday, February 18, 2009
Monday, January 5, 2009
၂၀၀၉ နှစ်သစ် ဆုမွန်
ကျွန်တော့်ဘလော့ဂ်ကို လာရောက်အားပေးကြသော မိတ်ဟောင်းမိတ်သစ် အပေါင်းသို့ ၂၀၀၉ခုနှစ်တွင် အများနှင့်မတူ တစ်မူထူးခြား ဆန်းသစ်သောအတွေးအခေါ် အစီအစဉ်များဖြင့် ကောင်းသထက်ကောင်းပြီး စိတ်ဝင်စားဖွယ်ဖြစ်အောင် တင်ပြ အသုံးတော်ခံမည်ဖြစ်ပါတယ်။ ဒါကြောင့် အတိတ်က ဘယ်လိုပဲဖြစ်ခဲ့ဖြစ်ခဲ့ ပစ္စုပ္ပန်နဲ့ အနာဂတ်မှာ အကျိုးရှိဘွယ် အတွေးအမြင်များ ယျထာဘူတကျသည့် ဖြစ်စဉ်ဖြစ်ရပ်များနှင့် သိသင့်သိထိုက် သည့် ကဏ္ဍမျိုးစုံကို ကိုယ်ကျိုးမဖက် အများအတွက်သက်သက် ရှုမျှော်ပြီး ဖန်တီးပေးမည်ဖြစ်ပါကြောင်းနှင့် လိုအပ်ချက်များ ဖြည့်ဆည်းပေးရန် သင့်တော် သည်များကို စေတနာရှေ့ထား လမ်းညွှန်ကူညီပေးကြပါရန်နှင့် အားလုံးသော အားပေးသူမိတ်ဆွေ အပေါင်းကို ကျေးဇူး အထူးပင်တင်ရှိပါကြောင်း ပြောကြားလိုပါတယ်။ လှပတဲ့ဘ၀တွေကို စိတ်ချမ်းမြေ့သာယာစွာ ကိုယ်တိုင်ကိုယ်ကျ ယုယု ယယ ဖန်တီး တည်ဆောက်နိုင်ကြပါစေ ကြောင်း ဆုမွန်ကောင်းများတောင်းလိုက်ပါတယ်......... ကိုမြင့်ကျော်






