ငယ်ငယ်တုန်းက အဖြစ်အပျက်တွေကို ပြန်တွေးကြည့်လိုက်တိုင်း ကြည်နူး ကျေနပ်ခဲ့ရသည်များ
ရှိသလို ရှက်ကိုး ရှက်ကန်း ဖြစ်ရသည့် အဖြစ်အပျက်များလည်း ရှိပါသည်။ ကျွန်တော် ခံစားရသလို
လူတိုင်း ခံစားဖူးကြမည်ဟုလည်း ထင်မိပါသည်။ မည်သို့ပင် ဖြစ်စေကာမူ လူတိုင်း လူတိုင်းတွင်
ရှိနေသော အတိတ်က အရိပ်များ၊ ပစ္စုပ္ပန် အခြေအနေများနှင့် အနာဂတ် မျှော်မှန်းချက်များသည်
ယေဘူယျအားဖြင့် ရင့်ကျက်မှု အတွေ့အကြုံများ၏ သင်ကြား ပြသမှုများကို လက်ခံ ပြုမူ ဆုံးဖြတ်ရသည့်
သဘော ရှိပါသည်။
အနာဂတ်အတွက် အတိတ်က သင်ခန်းစာများကို နမူနာထား ဆုံးဖြတ်ရသည့် ပစ္စုပ္ပန် လုပ်ဆောင်ချက်သည်
မိမိ အကျိုး၊ သူတစ်ပါး အကျိုးကို ရာခိုင်နှုန်းပြည့် ကောင်းကျိုးပြုနိုင်လျင် အကောင်းဆုံးသော
လုပ်ရပ် ဖြစ်သည်။ မိမိ အကျိုးသာ ဖြစ်ထွန်းစေပြီး သူတစ်ပါး တစ်ဖက်သား ပတ်ဝန်းကျင်ကို
ထိခိုက် ပျက်ပြားစေခြင်းများသည်ကား တစ်ဖက်ကန်း ဆုံးဖြတ်ချက်သာ ဖြစ်ပေမည်။ မိမိလည်း
အကျိုးမထင် တစ်ပါးသူလည်း သောက ဒုက္ခ ဖြစ်ပွားစေသော ဆုံးဖြတ်ချက်များမှာ နှစ်ဖက် စုံလုံးကန်း
ဆုံးဖြတ်ချက် ဖြစ်သည်မှာ အသေအချာပင် ဖြစ်သည်။
အပြောလွယ်သလောက် လုပ်ရ ခက်သည့် ကိစ္စများတွင် အထက်က ဖော်ပြခဲ့သော အကြောင်း သုံးပါးလည်း
ပါဝင်ပါ သည်။ ထို့ကြောင့် ကျွန်တော့်၏ အတိတ်ကို ပြန်စဉ်းစားမိတိုင်း ရှက်ကိုးရှက်ကန်း
ဖြစ်ရသည့် အခြေအနေများ ရှိနေရခြင်း ဖြစ်ပါသည်။ လူတိုင်း အမှားမကင်းသည်မှာ မှန်သော်လည်း
မိမိ မှားလိုက်သော အမှားသည် လောကကြီးက လူသားများက ခွင့်မလွှတ်နိုင်သော ရေရှည် အဆိပ်သင့်
အမှားမျိုး မဖြစ်စေရေးမှာ လွန်စွာ အရေးကြီး သော အချက် ဖြစ်သည်။
တစ်ချို့သော လူများသည် သူတစ်ပါးအား ညွှန်ပြ ဆုံးမရာတွင် တစ်ဖက်ကမ်းခတ် ပြောင်မြောက်သော
ပါရမီ ရှိပါသော်လည်း ယင်းတို့သည် ကိုယ်ပြောထားသော ကိုယ်ချမှတ်လိုက်သော လောက စည်းမျဉ်းများကို
လုံးလုံး မလိုက်နာနိုင်သော သဘောရှိတတ်ကြသည်။ ကျွန်တော်တို့ မြန်မာစကားတွင် အဆိုပါ ဖြစ်ရပ်မျိုး
တွေ့ကြုံလာပါက “ ငါပြောသလိုလုပ် ငါလုပ်သလို
မလုပ်နဲ့” ဟူ၍ ဖြစ်သည်။ ဤဖြစ်ရပ်များသည် ယနေ့ မြန်မာ့ လူမှုရေးနယ်ပယ်၊ ပညာရေးနယ်ပယ်၊
ယဉ်ကျေးမှုနယ်ပယ်၊ နိုင်ငံရေးနယ်ပယ် စသည့် နယ်ပယ် အသီးသီးတွင် အငြင်းပွားဖွယ်ရာ၊ ထောက်ပြဖွယ်ရာ
အခြေအနေအဖြစ် ရှင်သန် ရပ်တည်လျက် ရှိသည်။
ထောက်ပြခြင်း ဆိုသည့် အခြေအနေတွင် မနှစ်သက်သော မရှုစိမ့်သော သဘောများ သက်ဝင်နေသည်။
ထို့ကြောင့် လူတစ်ဦးတစ်ယောက်က အခြားသူ အပေါ် ထောက်ပြ ဝေဘန်ခြင်းတွင် စံနှုန်းများ၊ သတ်မှတ်ချက်များနှင့်
အများက လက်ခံထားသော အခြေအနေများ သူ့နေရာနှင့် သူပါဝင်ရမြဲ ဖြစ်သည်။ ထောက်ပြ ဝေဘန်ခြင်းတွင်
ကန့်သတ်ချက် များလည်း ခေတ်၊ စနစ်များ ပြောင်းလာသည်နှင့်အမျှ တိုးပွားလာရပေသည်။
ထောက်ပြ ဝေဘန်ခြင်း၊ ကျူးလွန်ခြင်း၊ စောင့်ထိန်းခြင်း၊ ကျော်လွှားလွန်မြောက်ခြင်းနှင့်
သတ်မှတ်မှု နည်းစနစ်သစ်များ သည် လက်ချင်းချိတ်ဆက်နေသော အနီးစပ်ဆုံး သူငယ်ချင်း ရန်သူများ
ဖြစ်သည်ဟု ဆိုရမည် ဖြစ်သည်။ ယင်း အခြေအနေများသည် ပျော့ပြောင်းညင်သာသော ပြောင်းလဲမှုကို
ဆင့်ကဲ ဆင့်ကဲ အဖြေထုတ် ဖန်တီး ပုံဖော်ကြသော စူးစောက် လက်နက်တတ်ဆာပလာများ ဖြစ်ပေသည်။
ပြောင်းလဲမှုတိုင်းတွင် အခြေခံ လိုအပ်ချက်၊ ကွဲလွဲနေသော လုပ်နည်း လုပ်ဟန်၊ အချိန်ကာလနှင့်
အရေးကြီးသော ဆုံးဖြတ်ချက်များ ချိန်ကိုက်ချ လုပ်ဆောင်နိုင်စွမ်း ဆိုသည့် အချက်များ
ပါဝင် ပတ်သက်လျက် ရှိသည်။ ကျွန်တော်တို့ သည် အပြောင်းအလဲကို ငတ်မွတ် ဆာလောင်သူများ
ဖြစ်ပါက ယင်းအချက်အလက်များအပေါ် အသေးစိတ် မြင်တတ် ကြည့်တတ်ကြရန် အထူးလိုအပ်ပါသည်။ ထို့ပြင်
မိမိ မြင်တွေ့ရသော အားနည်းချက် အားသာချက်များကို ပတ်ဝန်းကျင်သို့ ချပြ ရှင်းလင်းတတ်သော
အကျင့်ကောင်း ညဉ်ကောင်းများလည်း ရှိရန် လိုအပ်ပါသေးသည်။
အပြောင်းအလဲတိုင်းတွင် ခိုင်မာသော အကြောင်းပြချက်များ ရှိရန် လိုအပ်သည်။ အကြောင်းပြချက်တိုင်းသည် လည်း
နှစ်ပရိစ္တေဒများစွာ ကြာမြင့်အောင် မှန်ကန် ခိုင်မာစေရေး အာမခံနိုင်သော အခြေအနေများကို
ဖန်တီး ကြေညာ တတ်ကြရမည် ဖြစ်သည်။ မိမိ၏ အယူအဆ၊ မိမိ၏ စေတနာနှင့် မိမိ၏ ရေရှည် စီမံကိန်းများအတွက်
မိမိ အသိပေးလိုက်သည့် သက်ရှိ အသိုက်အ၀န်းက ပြန်လည်၍ အာမခံ ပေးလာတတ်သော သဘောတရားတစ်ခုကို
ဖန်တီးနိုင်မှသာ အပြောင်းအလဲအတွက် ထွန်းလင်းတောက်ပသည့် မီးရှူးတိုင်ကို မျက်ဝါးထင်ထင်
မြင်တွေ့နိုင်မည် ဖြစ်သည်။
အပြောင်းအလဲ အပြောင်းအလဲဟု ခေါင်းစဉ်တပ်ပြီး ပြောင်းလဲလိုသော အခြေအနေ တစ်ရပ်ကို
ခြေခြေမြစ်မြစ် ဆုပ်ကိုင်ထားခြင်း မရှိဘဲ ခဏခဏ လေလာရာယိမ်း ဘက်ပြောင်းနေခြင်းသည် အပြောင်းအလဲမဟုတ်
ဗလောင်းဗလဲ သာ ဖြစ်သည်။ မြန်မာစကား၌ ဗလောင်းဗလဲသည် စကားမတည် ကလိန်စေ့ဥာဏ်စင်သောသူများကို
ပြောသော စကား ဖြစ်သည်။ အပြောင်းအလဲကို ရှာဖွေဖန်တီးကြရင်း ဗလောင်းဗလဲဘ၀သို့ ရောက်မှန်းမသိ
ရောက်သွားကြသော ပုဂ္ဂိုလ်များ မရေမတွက်နိုင်အောင် ရှိခဲ့ကြသည်။ ရည်ရွယ်ချက် မူရင်းကောင်းမွန်သော်လည်း
ပတ်ဝန်းကျင် ပယောဂနှင့် မိမိကိုယ်ကို စောင့်ထိန်းနိုင်စွမ်း(နှုတ်စောင့်စည်းမှု၊ အပြုအမူ
ထိန်းသိမ်းမှု)များ ပျက်ယွင်းသွားကြသဖြင့် ဗလောင်းဗလဲ ဘ၀ကို အများက အမည်တပ်ပေးခြင်းခံရသော
အခြေအနေသို့ ရောက်ရှိ သွားရခြင်း ဖြစ်ပါသည်။
အမှား၊ အမှန် သဘောတရားနှင့် တရားသည် မတရားသည်ဆိုသော သတ်မှတ်ချက်များတွင် အပြန် အလှန်
ဝေဘန်မှု ထောက်ပြမှု ကျော်လွှားမှု၊ သတ်မှတ်မှုနှင့် အပြောင်းအလဲ၏ ဖြစ်ရိုးဖြစ်စဉ် မရိုးသားမှုများကို
ကျွန်တော်တို့ ဂဃနဏ သိမြင်ကြပြီး အချိန်တိုတိုလေးသော မိမိသက်တမ်းသည် မပြောင်းလဲသော
သံသရာတွင် နစ်မွန်းမနေရေးမှာ အပြောင်းအလဲ လိုလားသူတိုင်း အမြဲ ကြံဆ ကြိုးပမ်းနေကြရမည်
ဖြစ်ပါသည်။ အပြောင်းအလဲအတွက် လုပ်ကိုင် ဆောင်ရွက်လျက်ပင် ခြေခေါက်လဲခြင်း၊ ခလုပ်တိုက်လဲခြင်းနှင့်
ခြေထိုးခံခြင်းများမှ ကင်းဝေးစေရန် အပြောင်းအလဲကို ဆာလောင်မွတ်သိပ် ကြိုးပမ်းကြသူတိုင်းသည်
မှန်ကန်သော အသိ၊ မယိမ်းမယိုင်သော သတိများဖြင့် ဘ၀ကို နေထိုင် ကျော်လွှား ဖြတ်သန်းရေးသည်
အထူးအရေးကြီးသော အခြေခံ အချက်ပင် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။ ဝေမှူးတင်(သုတေသန)
ရန်ကုန်တိုင်းမ် အတွဲ(၇)၊ အမှတ်(၃၁) သြဂုတ်လ ၁၈-၂၄၊ ၂၀၁၁