ညက တစ်စတစ်စ နက်လာတော့ တိတ်ဆိတ်တဲ့ အခြေအနေကို တထိတ်ထိတ် ကြောက်ရွံ့လာမိတယ်။ အပူအပင်ကင်း တယ်လို့ ထင်ခဲ့တဲ့ အတွေးတွေထဲ ၀ုန်းဒိုင်းကျဲ ၀င်မွှေလာတဲ့ သံသယ မုန်တိုင်းကို ရွံရှာလာမိပြန်တယ်။ ရိုးသားခြင်းရယ်၊ သံယောဇဉ်ရယ်၊ ပေးဆပ်ခြင်းရယ်တွေကို ကိုးကွယ်မယ်လို့ ဆုံးဖြတ်ချက်တွေလည်း အဝေးကို တစ်စစီ လွင့်ပြယ် သွားကြပြန်တယ်။ အသေအချာ ပြန်သုံးသပ်ကြည့်တော့ လူရယ် လူ့ပတ်ဝန်းကျင်ရယ်ကို ဇွတ်အပြစ်ပုံချတတ်တဲ့ ကိုယ့်အကျင့်ကို ဘွားဘွားကြီး မြင်တွေ့လိုက်ရတယ်။ လှောင်ရယ်သံတွေ၊ ကဲ့ရဲ့သံတွေ၊ အပြစ်ဖို့သံတွေကို စက်ဆုပ်မိခဲ့တဲ့ ကိုယ့်စိတ်ကိုလည်း ပြန်ပြီး အပြစ်မြင်မိလေတယ်။
အမှောင်နဲ့အလင်းရဲ့ ကွာခြားချက်ကိုလည်း ဘာရယ်မဟုတ် ရေတွက်ကြည့်လိုက်တဲ့ လက်ချောင်းလှလှလေး တွေကို လည်း ပြတ်သားစွာ တွန်းပစ်ရဲနေတတ်ပြီလေ။ သူရယ် ကိုယ်ရယ် အခြားလူတွေရယ် ကြားဝင်ခြင်းရယ် သံယောဇဉ်ရယ် ညီမျှခြင်းချမရတာကို အတင်းစည်းလုံးစေဖို့ လုပ်မိခဲ့တဲ့ ကိုယ့်စိတ်ကို အပြစ်မတင်ရက်တာ လည်း လှပတဲ့ တေးသွား တစ်ပုဒ်လို့ မှတ်ယူရင်း အမှောင်လမ်းကို ဆက်လက်လျှောက်လှမ်းနေမိတယ်…………
No comments:
Post a Comment