၂၀၀၅
ခုနှစ် ၀န်းကျင်လောက်က အလွန်ကို ထင်ရှားခဲ့တဲ့ ဂျာနယ် တစ်စောင် ပေါ်ပေါက်ခဲ့ ပါတယ်။
အဲဒီဂျာနယ် ကတော့ ဖတ်စရာ ဂျာနယ် ဖြစ်ပါတယ်။ အဲဒီဂျာနယ်ရဲ့ ထူးခြားချက် ကတော့ အယ်ဒီတာ
ကြိုက်တဲ့ ဆောင်းပါး ဆိုရင် နောက် ကျောဖုံးမှာ ဖော်ပြလေ့ ရှိတာပါ။ အဲဒီဖတ်စရာ ဂျာနယ်
အမှတ် ၆၄ မှာ ကျွန်တော် ရေးတဲ့ မျိုချရသော ဒေါသများ ဆောင်းပါးလေးကို နောက်ကျောဖုံးမှာ
ဖော်ပြ ပေးခဲ့ပါတယ်။ အဲဒီတုံးက အရမ်းပျော်ခဲ့ ရပါတယ်။
အဲဒါလေးကို
အမှတ်ရနေလို့ ဒီဆောင်းပါးလေးကို ပြန်ပြီး တင်ပေးရတာ ဖြစ်ပါတယ်။ သဘောကျ နှစ်သက်ကြတဲ့
သူငယ်ချင်း ရောင်းရင်း မိတ်ဟောင်း မိတ်သစ်များ မှတ်ချက်လေးတွေ ရေးပေးပါလို့ တောင်းဆို
ပါရစေ။ အားလုံး ဒေါသတွေကို မှတ်မှတ် သားသား ပြတ်ပြတ် သားသား မျိုချနိုင်ကြ ပါစေဗျာ………..
နေ့စဉ်
ကြုံတွေ့ရသောနေမှု၊ စားမှု ကိစ္စ အ၀၀တွင် ဘ၀၌ မှတ်မှတ် ထင်ထင် စွဲမြဲ ကျန်ရစ်သည်များ ရှိသလို
မေ့လွယ် ပျောက်လွယ်များ သည်လည်း ဒုနဲ့ဒေးပင် ဖြစ်၏။ များသော အားဖြင့် လူနဲ့ ပတ်ဝန်းကျင်
အတွင်း ကူးလူး ဆက်ဆံကြရ သောအခါ မိမိကြောင့် သူတစ်ပါး၊ သူတစ်ပါးကြောင့် မိမိ၊ မိမိကိုယ်မိမိ
စသည်အားဖြင့် အလိုမကျ နေမထိ ထိုင်မသာ ဖြစ်တတ်ကြသည့် အကြောင်းအရာများ လူတိုင်း လိုလို
ကြုံတွေ့ခံစားဖူးကြ ပေလိမ့်မည်။
လူတို့သည်
ဘ၀၌ အမှတ်တရ မေ့ပျောက် မရသော အကြောင်းအရာများ ထဲတွင် ပုဂ္ဂလိက အောင်မြင်မှု၊ ဆုံးရှုံးမှု၊
ထင်ပေါ် ကျော်ကြားမှု၊ ကျဆုံးမှု စသော အကောင်း အဆိုး ထင်ထင် ရှားရှားများကိုသာ သတိမူမိ
တတ်ကြ၏။ ထိုအကောင်း အဆိုးကို ဖြစ်တည် ပေါ်ပေါက် စေသော စိတ်၏ စေ့ဆော်မှုများကို တစ်ရံတစ်ခါ
သတိ လွတ်ကင်း၍ ဆင်ခြင်တုံ တရားကို အတွေးထဲသို့ ရောက်ရှိလာစေရန် ဆွဲငင် ခေါ်ဆောင်ခြင်းငှာ
မစွမ်းနိုင် တတ်ကြသော သဘောရှိပါသည်။
လူနှင့်
လူ့ပတ်ဝန်းကျင်ကြောင့် ဖြစ်ပေါ် ခံစားမှုများတွင် ဒေါသ၊မောဟ၊ မာန်မာနစသည့် အမိုက်မှောင်ဆိုး
တို့ကိုဖြစ်ပေါ် စေသော စိတ် ခံစားမှုများကို မျိုသိပ်၍ ဥပေက္ခာပြုခြင်း၊ သည်းခံ ခွင့်လွှတ်ခြင်းများကို
အချိန်နှင့် တစ်ပြေးညီ ပြုလုပ်သင့်၏။
သို့မှသာ
ပြင်မရသော အမှားမျိုး၊ နောင်တ တရား၏ နှိပ်စက် ဖိစီးခြင်း တို့ကို ရှောင်ကွင်း နိုင်ကြမည်
ဖြစ်သည်။
ခွင့်လွှတ်ခြင်း၊
သည်းခံခြင်းနှင့် ဥပေက္ခာ ပြုခြင်းတို့၏ အနက် အဓိပ္ပာယ်သည် လွယ်မယောင်နှင့် လေးနက် ခက်ခဲသော
သဘော ရှိ၏။
မိမိ၏
စိတ်ခံစားမှုနှင့် ကိုက်ညီ ထပ်တူမကျသော ကိစ္စရပ်များ အတွက် ပြောင်းပြန် လက်ခံရန် ကိုမူကား
တဒင်္ဂအတွင်း လက်ခံ လိုက်လျော ပေးကြရန် အခက်အခဲ တွေ့ကြတတ် စမြဲပင်ဖြစ်၏။ ထိုအခက်အခဲ ကြုံတွေ့ရမှုသည်
စိတ်ကို ညစ်နွမ်း စေသော၊ မရွှင်လန်း စေသော (တစ်နည်းအားဖြင့်) ဒေါသကို နှိုးဆွ စေသော အကြောင်း
အခြင်းအရာများ ဖြစ်၏။ ထိုဒေါသကြောင့် စိတ်နောက် ကိုယ်ပါ ပြုမူမိကြ၍ ပစ္စုပ္ပန်ရော သံသရာပါ
ဘ၀ပေါင်းများစွာ ညစ်နွမ်း စွန်းထင်ခဲ့ကြရ၏။ ပတ်ဝန်းကျင် အနေအထားကြောင့် ဖြစ်စေ၊ သံယောဇဉ်
တရားများ နှီးနွယ်၍ ဖြစ်စေ၊ နောက်ဆံတင်း စရာများကို သုံးသပ် ခံစားမိ၍ဖြစ်စေ ဒေါသအမျက်
ချောင်းချောင်း ထွက်စရာများကို မျိုသိပ် ခံစားခဲ့ ရခြင်းမျိုး လူတိုင်းနီးပါ ကြုံကြိုက်
ခံစား ကြဖူးမည် ဖြစ်သည်။ မည်သည့် အကြောင်းကြောင့် ဖြစ်စေ တခဏတာ မွန်းကြပ် ပိတ်လှောင်
စိတ်ခံစားမှု သည် ဘ၀ တစ်ခုလုံး အတွက် (သို့မဟုတ်) ဘ၀ တစ်စိတ် တစ်ပိုင်း အတွက် နောင်တ/သောက
တို့ကို တားဆီး ကာကွယ်နိုင်လျင် လွန်စွာ မှ ကောင်းမွန်သော လုပ်ရပ် ဆုံးဖြတ်ချက် တစ်ခုအဖြစ်
အသိအမှတ်ပြု သတ်မှတ်ရ မည်ဖြစ်သည်။ ဒေါသ ထွက်စရာ အကြောင်းအရာ တို့၏ဖြစ်တည် အစပြုပုံများမှာ
ပုံစံအမျိုးမျိုး ရှိကြ ပေလိမ့်မည်။ တစ်မျိုးမှာ နှစ်ပရိစ္ဆေဒ ကြာမြင့်စွာ အဆိုင်အခဲ
ဆောက်တည်ပြီးမှ ဖြစ်ရသောဒေါသ၊ တစ်ခဏ တစ်မုဟုတ်ချင်း ရုတ်ချည်းတွေ့ကြုံ၊ ခံစား၊ ကြာမြင်၊
ထိတွေ့ရ၍ဖြစ်ပေါ် လာရသော ဒေါသတို့ ဖြစ်၏။ ယင်းသို့ ပုံစံ အမျိုးမျိုးကြောင့် ဖြစ်ပေါ်လာသော
ဒေါသကို ပတ်ဝန်း ကျင်၏ ဖျောင်းဖျ နားချမှုကြောင့် မျိုသိပ် ခွင့်လွှတ် သည်းခံ ခဲ့ရသည်များ
ရှိသလို မိမိ၏ အတွေ့အကြုံ ပင်ကိုယ်ဗီဇ၊ မိမိ၏ ကိုယ်ကျင့်တရား တို့ဖြင့် မိမိကိုယ်ကို
နားချ၍ မျိုးသိပ်ခဲ့ရသည် များလည်း ရှိပေလိမ့်မည်။
မည်သည့်ပုံစံ
မည်သည့် နည်းဖြင့် ဖြစ်စေဒေါသ ဆိုသည်မှာ ကုသိုလ် တရား၏ ဆန့်ကျင်ဘက် လားရာ သာဖြစ်ပြီး
သောကကို ခြေဦးတည်ပေးသော သဘောတရား တစ်ခုပင်ဖြစ်သည်။ ဒေါသကို ကြိတ်မှိတ် မျိုသိပ်ခဲ့ကြရ
၍ နှလုံးစိတ်ဝမ်း မရွှင်လန်းမှုကို ကျေကျေနပ်နပ် ခံစားတတ်ရန် (၀ါ) ခံစားနိုင်ရန် လေ့ကျင့်သမှု
ပြုကြခြင်းဖြင့် မိမိ၏ ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးသော အကျင့်တရားများကို ကောင်းမွန်
စေရန် ပြုစု ပျိုးထောင်ကြရမည် ဖြစ်သည်။ အလေ့အကျင့်မှ အလေ့ထသို့ ကူးပြောင်း နိုင်ပါက
အတိုင်းထက် အလွန်ပင်ဖြစ်၏။
မျိုချရပါ
များသော ဒေါသများသည် ဘ၀၏ နိဂုံးကို လှပစွာ အဆုံးသတ် စေသော အခြေခံစိတ် အုတ်မြစ် ကောင်း
တစ်ခုဟု ဆိုပါလျင် လွန်မည်မထင်ပါ။ အဘယ့်ကြောင့် ဆိုသော် ထိုတဒင်္ဂ ဒေါသ၊ တမုဟုတ်ချင်း
ဖြစ်ပေါ်လာသော ဒေါသ တို့ကြောင့် ဘ၀နေ၀င်သည်အထိ မငြိမ်းမချမ်းဖြင့် ဘ၀လမ်းခရီးကို ခက်ခဲ
ပင်ပမ်းကြမ်းတမ်းစွာ ကျော်ဖြတ် ခရီးနှင်ကြ ရသော သာဓကများ လောကတွင် မရေမတွက် နိုင်အောင်
များပြား လှပေသည်။
ထို့ကြောင့်
ကျိတ်မနိုင်ခဲမရ ဖြစ်ရသော ဒေါသကို တအုံနွေးနွေးဖြင့် မီးမွှေးပြီး ဒေါသ မီးတောက်ကို
အညွန့် တလူလူ တက်အောင် မနှိုးဆွသင့်ပေ။ ကြိမ်မီးအုံး ပမာ ဖြစ်ရသော ဒေါသတို့ကို ဆင်ခြင်တုံ
အသိတရားဖြင့် သတိချပ် ထိန်းကြောင်း ချုပ်ထိန်း မျိုသိပ်သင့်၏။
စာဖတ်သူလည်း
ဘ၀၌ မျိုချခဲ့ရသော ဒေါသများကို ပြန်လည် တွေးတော၍ ထိုမျိုသိပ် ခံစားမှုကြောင့် ရရှိခဲ့သော
အကျိုးဆက် တို့ကို ပီတိအဖြစ် ခံယူရရှိဖူး ပေလိမ့်မည်။ ထိုမျိုချခဲ့ ရသော ဒေါသများသည်
ဘ၀အတွက် အဖိုး အနဂ္ဃ ထိုက်သော ပီတိ ရတနာများ အဖြစ် တည်ရှိ စေမည်ကို အမြဲနှလုံးသွင် အပ်ပါကြောင်း
တင်ပြလိုက်ရပါသည်။
ဝေမှူးတင်
(သုတေသန)
ဖတ်စရာဂျာနယ်
(အမှတ် ၆၄)
No comments:
Post a Comment